Tuesday, July 29, 2014

MH17 ပျက်ကျသည့် နေရာ အစိတ်အပိုင်း အချို့ကို ယူကရိန်းစစ်တပ် ထိန်းချုပ်ခွင့်ရလာ


ယူကရိန်း စစ်တပ်များသည် MH17 လေယာဉ်ပျက် အစိတ်အပိုင်းများ ပျံ့နှံ့နေသည့် ဧရိယာ အချို့ကို ထိန်းချုပ်ခွင့် ရလာနေပြီဟု သူပုန်တပ်များဘက်က ပြောကြားခဲ့သည်။

ယူကရိန်း စစ်တပ်သည် ရုရှားလိုလားသည့် ခွဲထွက်ရေး သူပုန်များအပေါ် စစ်ရေး အသာစီး ရလာပြီးနောက် ဇူလိုင်(၂၈)ရက်တွင် MH17 လေယာဉ်ပျက် အစိတ်အပိုင်းများ ရှိနေသည့် နေရာအချို့ကို သူပုန်များလက်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မလေးရှား လေကြောင်းလိုင်းပိုင် MH17 သည် သူပုန်များက ဒုံးကျည်ဖြင့် မှားယွင်း ပစ်ချမှုကြောင့်ဟု ယူဆရသော အခြေအနေကြောင့် ဇူလိုင်(၁၇)ရက်က ပျက်ကျပြီး လိုက်ပါလာသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။

နယ်သာလန်နှင့် ဩစတြေးလျတို့မှ ပူးပေါင်းရဲတပ်ဖွဲ့များသည် လေယာဉ်ပျက်ကျသည့် နေရာတွင် စစ်ဆေးမှုများ ပြုလုပ်ရန် အားထုတ်နေသော်လည်း ယူကရိန်း စစ်တပ်နှင့် သူပုန်တို့အကြား ပြင်းပြင်းထန်ထန် တိုက်ပွဲများ ဖြစ်နေခြင်းက လုပ်ငန်းစဉ်များကို အဟန့်အတား ဖြစ်ပေါ်နေစေကြောင်း သိရသည်။ ယူကရိန်း အစိုးရက မိမိတို့၏ စစ်တပ်များသည် သူပုန်များ ထိန်းချုပ်ထားသည့် ရှက်တာစ်ခ် ဒေသမှ (၁၀)ကီလိုမီတာမျှ အကွာထိ ထိုးဖောက် ချီတက်နိုင်ခဲ့ကြောင်း အတည်ပြုထားသည်။

ဒိုးနက်စ်ခ်မြို့တွင် အစောင့်အရှောက် ထူထပ်စွာ ချထားပြီး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ သူပုန်အဖွဲ့ခေါင်းဆောင် အိုင်ဂိုစထရဲလ်ကော့ဗ်က လေယာဉ်ပျက် အစိတ်အပိုင်းများ တည်ရှိသည့် နေရာအချို့ကို စစ်တပ်က သိမ်းယူနိုင်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း MH17 ပျက်ကျမှုတွင် သူပုန်တပ်များ ပါဝင်ဆက်နွယ်မှု လုံးဝမရှိကြောင်း ငြင်းဆိုသွားသည်။

သတင်းထောက်များက လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ စထရဲလ်ကော့ဗ်က “လေယာဉ် ဘယ်လိုပျက်ကျသွားသလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ကျွန်တော် သိတာက လေယာဉ်ဟာ အကြောင်းတစ်ခုခုကြောင့် ပျက်ကျသွားတယ်။ ဒါပါပဲ။ နောက်ပြီး ကျွန်တော် ပြောနိုင်တာက ကျွန်တော့် တပ်သားတွေက ပစ်ချလိုက်တာ မဟုတ်ဘူး ဆိုတာပါ။ ကျွန်တော်တို့မှာ BUK ဒုံးကျည်စနစ် ပိုင်ဆိုင်မထားပါဘူး။ ဒါကြောင့် ကျွန်တော်က တပ်သားတွေကို မလေးရှား လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စီးကို ပစ်ချလိုက်ဖို့ ဘယ်လိုမှ အမိန့်ပေးနိုင်မှာ မဟုတ်ဘူး”ဟု ဖြေကြားခဲ့သည်။

ယူကရိန်း ထောက်လှမ်းရေး အရာရှိများက လေယာဉ်ပျက်၏ Black Box တွင် သိုလှောင်ထားသည့် အချက်အလက်များအရ လေယာဉ်သည် ဒုံးကျည်ပေါက်ကွဲရာမှ လွင့်စင်လာသည့် အစိတ်အပိုင်းများ ထိမှန်၍ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

_Ref: Channelnewsasia
7 Day

0 comments:

Post a Comment