Wednesday, July 30, 2014

Header Wrapper


Tuesday, July 29, 2014

ဗီဒီယို အကြိုခံစားခြင်း နိမိတ်စကား


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အချစ်စစ်မှန်ကန်ပါကဖြောင့်ဖြူးခြင်းမရှိသလို၊ အချစ်တွင် ရယူခြင်းထက် ပေးဆပ်ခြင်းက ပိုမိုမြင့်မြတ်ကြောင်းပြသချင်သည့် ရည်ရွယ်ချက်ဖြင့်ရိုက်ကူးထားသည့်ဇာတ်ကားလေးတစ်ကား အကြောင်းဖော်ပြပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့ နာမည်ကတော့ ‘နိမိတ်စကား’ ပါ။ နှစ်သက်စဖွယ်ငယ်စဉ်အချိန်က မိဘမဲ့ဂေဟာမှာနေလာခဲ့ရပေမယ့် ချမ်းသာတဲ့ သူဌေးလင်မယားက မွေးစားခဲ့တာကြောင့် နိုင်ငံခြားမှာတောင် သွားရောက်ပညာသင်နိုင်ခဲ့တဲ့ သူဌေးသမီးလေးတစ်ယောက် အနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ နိုင်ငံခြားမှာ ဒီဇိုင်းနဲ့ ပတ်သတ်တဲ့ပညာ သင်ကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ဒီဇိုင်နာရုံးခန်းတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။

 နှစ်သက်စဖွယ် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ အချိန်ကတည်းက သူမ စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုကိုလည်းစုံစမ်းနေခဲ့ပါတယ်။ အဲဒါကတော့ ရှေ့ဖြစ်တွေကိုကြိုပြီးဟောနိုင်တဲ့၊ ပန်းချီလည်းဆွဲတတ်တဲ့ သူမနဲ့ ရွယ်တူ ကောင်လေးတစ်ယောက် အကြောင်းကို စုံစမ်းနေတာပါ။  တစ်ရက်မှာတော့ သူမတွေ့ချင်နေတဲ့ ကောင်လေးနေတဲ့နေရာကို သူမ စုံစမ်းနိုင်ခဲ့ပါတယ်၊ သွားတွေ့ရမှာက ကော်ဖီဆိုင် တစ်ဆိုင်မှာပါ။ ကော်ဖီဆိုင်ကို ရောက်တဲ့အချိန် သူမရဲ့ငယ်ဘဝက အထိမ်းအမှတ် အရုပ်လေး တစ်ရုပ်နဲ့ နှင်းဆီတစ်ပွင့်ကိုပေးပြီး‘‘အသက်’’လို့ ခေါ်လိုက်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူကတော့ နှစ်သက်စဖွယ်အရမ်းတွေ့ချင်နေတဲ့ ငယ်ဘဝက သူငယ်ချင်းလေး မိုက်ပါ။ မိုက်နဲ့ နှစ်သက်စဖွယ်က မိဘမဲ့ကလေးကျောင်းမှာ အတူနေခဲ့တဲ့သူတွေပါ။ မိုက်က ငယ်ငယ်လေးကတည်းက ပန်းချီဝါသနာပါသလို ရှေ့ဖြစ်တွေကို ဟောနိုင်ခဲ့တဲ့သူ တစ်ယောက်ပါ။ သူဌေးကြီးတစ်ယောက်ကို မိုက်က အသက်ဘေးကလွတ်အောင် ဟောပေးနိုင်ခဲ့တာကြောင့် အဲဒီသူဌေးကြီးက မိုက်ကို မွေးစားဖို့ ပြောခဲ့ပါတယ်၊ ဒါပေမဲ့ မိုက်က သူ့အစားနှစ်သက်စဖွယ်ကိုခေါ်သွားဖို့ ပြောခဲ့တာကြောင့် သူမအခုချိန်မှာ ဒီလိုနေနေရတာပါ။ သူတို့နှစ်ယောက်ပြန်ဆုံတွေ့ပြီးတဲ့အချိန်မှာတော့ နှစ်သက်စဖွယ်က ကျေးဇူးဆပ်နိုင်ဖို့ သူမရဲ့ အိမ်ကိုခေါ် သွားခဲ့ပါတယ်။အတူနေရာက သံယောဇဉ်တွေပိုခဲ့ကာ ချစ်သူတွေဖြစ်ပြီး လက်ထပ်ခဲ့ကြပါတယ်။ဒါပေမဲ့ လက်ထပ်တဲ့နေ့မှာပဲ မိုက်ဆိုတာ သူငယ်စဉ်က ခင်ခဲ့ရတဲ့၊ သူ့အတွက် အနစ်နာခံခဲ့တဲ့သူမဟုတ်ဘူးဆိုတာကို နှစ်သက်စဖွယ် သိခဲ့ရပါတယ်။ ငယ်သူငယ်ချင်း မဟုတ်ဘူးဆိုတာကို ဘယ်လိုသိခဲ့တာလဲ၊ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်း ဘာတွေဆက်ဖြစ်သွားမလဲ ဆိုတာကိုတော့ သြဂုတ်လ ၅ ရက်နေ့မှာ မာန်ထက်ချီထုတ်လုပ်ရေးက ဖြန့်ချိပေးမယ့် နိမိတ်စကားဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ခံစားပေး ပါ။

ဒီဇာတ်ကားမှာ မိုက်အဖြစ် ဟိန်းဝေယံ၊ နှစ်သက်စဖွယ် အဖြစ် ချစ်သုဝေတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

7 Day

MH17 ပျက်ကျသည့် နေရာ အစိတ်အပိုင်း အချို့ကို ယူကရိန်းစစ်တပ် ထိန်းချုပ်ခွင့်ရလာ


ယူကရိန်း စစ်တပ်များသည် MH17 လေယာဉ်ပျက် အစိတ်အပိုင်းများ ပျံ့နှံ့နေသည့် ဧရိယာ အချို့ကို ထိန်းချုပ်ခွင့် ရလာနေပြီဟု သူပုန်တပ်များဘက်က ပြောကြားခဲ့သည်။

ယူကရိန်း စစ်တပ်သည် ရုရှားလိုလားသည့် ခွဲထွက်ရေး သူပုန်များအပေါ် စစ်ရေး အသာစီး ရလာပြီးနောက် ဇူလိုင်(၂၈)ရက်တွင် MH17 လေယာဉ်ပျက် အစိတ်အပိုင်းများ ရှိနေသည့် နေရာအချို့ကို သူပုန်များလက်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မလေးရှား လေကြောင်းလိုင်းပိုင် MH17 သည် သူပုန်များက ဒုံးကျည်ဖြင့် မှားယွင်း ပစ်ချမှုကြောင့်ဟု ယူဆရသော အခြေအနေကြောင့် ဇူလိုင်(၁၇)ရက်က ပျက်ကျပြီး လိုက်ပါလာသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။

နယ်သာလန်နှင့် ဩစတြေးလျတို့မှ ပူးပေါင်းရဲတပ်ဖွဲ့များသည် လေယာဉ်ပျက်ကျသည့် နေရာတွင် စစ်ဆေးမှုများ ပြုလုပ်ရန် အားထုတ်နေသော်လည်း ယူကရိန်း စစ်တပ်နှင့် သူပုန်တို့အကြား ပြင်းပြင်းထန်ထန် တိုက်ပွဲများ ဖြစ်နေခြင်းက လုပ်ငန်းစဉ်များကို အဟန့်အတား ဖြစ်ပေါ်နေစေကြောင်း သိရသည်။ ယူကရိန်း အစိုးရက မိမိတို့၏ စစ်တပ်များသည် သူပုန်များ ထိန်းချုပ်ထားသည့် ရှက်တာစ်ခ် ဒေသမှ (၁၀)ကီလိုမီတာမျှ အကွာထိ ထိုးဖောက် ချီတက်နိုင်ခဲ့ကြောင်း အတည်ပြုထားသည်။

ဒိုးနက်စ်ခ်မြို့တွင် အစောင့်အရှောက် ထူထပ်စွာ ချထားပြီး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ သူပုန်အဖွဲ့ခေါင်းဆောင် အိုင်ဂိုစထရဲလ်ကော့ဗ်က လေယာဉ်ပျက် အစိတ်အပိုင်းများ တည်ရှိသည့် နေရာအချို့ကို စစ်တပ်က သိမ်းယူနိုင်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း MH17 ပျက်ကျမှုတွင် သူပုန်တပ်များ ပါဝင်ဆက်နွယ်မှု လုံးဝမရှိကြောင်း ငြင်းဆိုသွားသည်။

သတင်းထောက်များက လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ စထရဲလ်ကော့ဗ်က “လေယာဉ် ဘယ်လိုပျက်ကျသွားသလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ကျွန်တော် သိတာက လေယာဉ်ဟာ အကြောင်းတစ်ခုခုကြောင့် ပျက်ကျသွားတယ်။ ဒါပါပဲ။ နောက်ပြီး ကျွန်တော် ပြောနိုင်တာက ကျွန်တော့် တပ်သားတွေက ပစ်ချလိုက်တာ မဟုတ်ဘူး ဆိုတာပါ။ ကျွန်တော်တို့မှာ BUK ဒုံးကျည်စနစ် ပိုင်ဆိုင်မထားပါဘူး။ ဒါကြောင့် ကျွန်တော်က တပ်သားတွေကို မလေးရှား လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စီးကို ပစ်ချလိုက်ဖို့ ဘယ်လိုမှ အမိန့်ပေးနိုင်မှာ မဟုတ်ဘူး”ဟု ဖြေကြားခဲ့သည်။

ယူကရိန်း ထောက်လှမ်းရေး အရာရှိများက လေယာဉ်ပျက်၏ Black Box တွင် သိုလှောင်ထားသည့် အချက်အလက်များအရ လေယာဉ်သည် ဒုံးကျည်ပေါက်ကွဲရာမှ လွင့်စင်လာသည့် အစိတ်အပိုင်းများ ထိမှန်၍ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

_Ref: Channelnewsasia
7 Day

အင်းလျားကန်အတွင်းမှ အမျိုးသားအလောင်းကိစ္စ တည်းခိုခန်း မန်နေဂျာနှင့် ဝန်ထမ်းများကိုအမှုဖွင့်

ဧည့်သည် အမျိုးသား အလောင်းကို ရန်ကုန်မြို့ အင်း လျားကန်ထဲတွင် ဖျောက်ဖျက် ခဲ့သည့် တည်းခိုခန်း မန်နေဂျာနှင့် ဝန်ထမ်းလေးဦးတို့ကို ကြည့်မြင် တိုင်ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့် အရေးယူ ထား ကြောင်း သတင်းရရှိသည်။

 ရန်ကုန်မြို့ စိမ်းလန်းစိုပြည် ဥယျာဉ်ရှိ အင်းလျားကန်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေ သည့် အမျိုးသား အလောင်းကို ဇူလိုင် ၂၃ ရက်က သက်ဆိုင်ရာက တွေ့ရှိခဲ့၍ စုံစမ်းခဲ့ရာ ဇူလိုင် ၂၀ ရက်က ကြည့်မြင် တိုင်မြို့နယ် အတွင်းရှိ စိတ်ကူးသစ်တည်းခို ခန်းတွင် တည်းခိုနေထိုင်ခဲ့သူတစ် ဦးဖြစ်ကြောင်း  စစ်ဆေးပေါ် ပေါက် ခဲ့၍ မန်နေဂျာဖြစ်သူနှင့် ဝန်ထမ်းအချို့ကို မသင်္ကာ၍ စစ် ဆေးခဲ့ခြင်းဖြစ်သည်။


သေဆုံးသူ အသက် (၂၆) နှစ်အရွယ် အမျိုးသားသည် ၎င်း တည်းခိုသည့် အခန်းအတွင်း အော်ဟစ် ဆူညံနေ ၍ တည်းခိုခန်းမန်နေဂျာက လာရောက်တားမြစ်ခဲ့ရာမှ စကားများပြီး အပြန်အလှန် ထိုးကြိတ် ခဲ့ကြောင်း သိရသည်။ ထို့နောက် မန်နေဂျာက ခုတင်ခြေ ရင်းရှိဓားကိုယူပြီး  သေဆုံးသူ၏ ဝမ်းဗိုက်နှင့် လည်
ပင်း တို့ကိုထိုးခဲ့ ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက် မန် နေဂျာအပါအဝင် ဝန်ထမ်းငါးဦးမှာ ရန်ကုန်မြို့အင်လျားကန် အတွင်း အလောင်း ဖျောက်ဖျက် ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

‘‘ဇူလိုင် ၂၅ ရက်ကတည်း က ၃၀၂ နဲ့ပဲဖွင့်ထားတာ။ စစ် ဆေးပေါ်ပေါက်တဲ့ သူတွေကို အမှုထပ်တိုး ဖို့ပဲရှိတယ်။  အဲဒါ တော့ တိုင်းက ဆက်စစ်ပြီးသင့် လျော်တဲ့ ပုဒ်မတွေထပ်တိုးမှာ ပေါ့’’ဟု ကြည့်မြင် တိုင်မြို့မ ရဲ စခန်းမှ ဒုရဲမှူးတိုးရွှေက ပြော သည်။

သေဆုံးသူသည် ဇူလိုင် ၂၀ ရက်ကတည်းက နေအိမ်သို့ပြန် လာခြင်းမရှိ၍ ကြည့်မြင်တိုင် ပိတောက်ချောင်း ရဲစခန်းတွင် လူ ပျောက်တိုင်ကြားခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်က အင်းလျားကန် အတွင်း ဓားဒဏ်ရာများဖြင့် အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် သေဆုံးသူ၏ အစ်ကိုဖြစ်သူက ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ အရ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

7 Day