Tuesday, July 29, 2014

ဗီဒီယို အကြိုခံစားခြင်း နိမိတ်စကား


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အချစ်စစ်မှန်ကန်ပါကဖြောင့်ဖြူးခြင်းမရှိသလို၊ အချစ်တွင် ရယူခြင်းထက် ပေးဆပ်ခြင်းက ပိုမိုမြင့်မြတ်ကြောင်းပြသချင်သည့် ရည်ရွယ်ချက်ဖြင့်ရိုက်ကူးထားသည့်ဇာတ်ကားလေးတစ်ကား အကြောင်းဖော်ပြပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့ နာမည်ကတော့ ‘နိမိတ်စကား’ ပါ။ နှစ်သက်စဖွယ်ငယ်စဉ်အချိန်က မိဘမဲ့ဂေဟာမှာနေလာခဲ့ရပေမယ့် ချမ်းသာတဲ့ သူဌေးလင်မယားက မွေးစားခဲ့တာကြောင့် နိုင်ငံခြားမှာတောင် သွားရောက်ပညာသင်နိုင်ခဲ့တဲ့ သူဌေးသမီးလေးတစ်ယောက် အနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ နိုင်ငံခြားမှာ ဒီဇိုင်းနဲ့ ပတ်သတ်တဲ့ပညာ သင်ကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ဒီဇိုင်နာရုံးခန်းတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။

 နှစ်သက်စဖွယ် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ အချိန်ကတည်းက သူမ စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုကိုလည်းစုံစမ်းနေခဲ့ပါတယ်။ အဲဒါကတော့ ရှေ့ဖြစ်တွေကိုကြိုပြီးဟောနိုင်တဲ့၊ ပန်းချီလည်းဆွဲတတ်တဲ့ သူမနဲ့ ရွယ်တူ ကောင်လေးတစ်ယောက် အကြောင်းကို စုံစမ်းနေတာပါ။  တစ်ရက်မှာတော့ သူမတွေ့ချင်နေတဲ့ ကောင်လေးနေတဲ့နေရာကို သူမ စုံစမ်းနိုင်ခဲ့ပါတယ်၊ သွားတွေ့ရမှာက ကော်ဖီဆိုင် တစ်ဆိုင်မှာပါ။ ကော်ဖီဆိုင်ကို ရောက်တဲ့အချိန် သူမရဲ့ငယ်ဘဝက အထိမ်းအမှတ် အရုပ်လေး တစ်ရုပ်နဲ့ နှင်းဆီတစ်ပွင့်ကိုပေးပြီး‘‘အသက်’’လို့ ခေါ်လိုက်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူကတော့ နှစ်သက်စဖွယ်အရမ်းတွေ့ချင်နေတဲ့ ငယ်ဘဝက သူငယ်ချင်းလေး မိုက်ပါ။ မိုက်နဲ့ နှစ်သက်စဖွယ်က မိဘမဲ့ကလေးကျောင်းမှာ အတူနေခဲ့တဲ့သူတွေပါ။ မိုက်က ငယ်ငယ်လေးကတည်းက ပန်းချီဝါသနာပါသလို ရှေ့ဖြစ်တွေကို ဟောနိုင်ခဲ့တဲ့သူ တစ်ယောက်ပါ။ သူဌေးကြီးတစ်ယောက်ကို မိုက်က အသက်ဘေးကလွတ်အောင် ဟောပေးနိုင်ခဲ့တာကြောင့် အဲဒီသူဌေးကြီးက မိုက်ကို မွေးစားဖို့ ပြောခဲ့ပါတယ်၊ ဒါပေမဲ့ မိုက်က သူ့အစားနှစ်သက်စဖွယ်ကိုခေါ်သွားဖို့ ပြောခဲ့တာကြောင့် သူမအခုချိန်မှာ ဒီလိုနေနေရတာပါ။ သူတို့နှစ်ယောက်ပြန်ဆုံတွေ့ပြီးတဲ့အချိန်မှာတော့ နှစ်သက်စဖွယ်က ကျေးဇူးဆပ်နိုင်ဖို့ သူမရဲ့ အိမ်ကိုခေါ် သွားခဲ့ပါတယ်။အတူနေရာက သံယောဇဉ်တွေပိုခဲ့ကာ ချစ်သူတွေဖြစ်ပြီး လက်ထပ်ခဲ့ကြပါတယ်။ဒါပေမဲ့ လက်ထပ်တဲ့နေ့မှာပဲ မိုက်ဆိုတာ သူငယ်စဉ်က ခင်ခဲ့ရတဲ့၊ သူ့အတွက် အနစ်နာခံခဲ့တဲ့သူမဟုတ်ဘူးဆိုတာကို နှစ်သက်စဖွယ် သိခဲ့ရပါတယ်။ ငယ်သူငယ်ချင်း မဟုတ်ဘူးဆိုတာကို ဘယ်လိုသိခဲ့တာလဲ၊ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်း ဘာတွေဆက်ဖြစ်သွားမလဲ ဆိုတာကိုတော့ သြဂုတ်လ ၅ ရက်နေ့မှာ မာန်ထက်ချီထုတ်လုပ်ရေးက ဖြန့်ချိပေးမယ့် နိမိတ်စကားဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ခံစားပေး ပါ။

ဒီဇာတ်ကားမှာ မိုက်အဖြစ် ဟိန်းဝေယံ၊ နှစ်သက်စဖွယ် အဖြစ် ချစ်သုဝေတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

7 Day

0 comments:

Post a Comment