Sunday, August 10, 2014

အိန္ဒိယလျှပ်စစ် တမူးမြို့သို့ သုံးလအတွင်း ပို့လွှတ်ဖွယ်ရှိ

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် တမူးမြို့သို့ လျှပ်စစ်မီးပေးနိုင်ရေး အိန္ဒိယအစိုးရ သဘောတူညီပါက အောက်တိုဘာလအတွင်း ဖြစ်မြောက်လာဖွယ်ရှိသည်ဟု တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလင်းက မဇ္ဈိမကို ပြောသည်။

“အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကနေ တမူးမြို့ကို လျှပ်စစ်ဓာတ်အားလိုင်းသွယ်ဖို့ နှစ်ဖက်တော့ ဆွေးနွေး ထားပါတယ်။ မြန်မာဘက်က ကမ်းလှမ်းတာပါ။ သူတို့က ဗဟိုအစိုးရကို တင်ပြဦးမယ် ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှ စီးပွားရေးနှင့် စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံဘက်မှ လျှပ်စစ် ၀န်ကြီး ဦးခင်မောင်စိုးတို့ သြဂုတ်လ ၄ ရက်က တမူးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်ဟု ဦးကျော်ဇော်လင်းက ပြောသည်။

လက်ရှိတွင် တမူးမြို့သားများသည် မီးစက်များဖြင့် ဓာတ်အားဖြန့်ဝေသည့် ပုဂ္ဂလိကလုပ်ငန်းများကိုသာ အားထားနေရသည်ဟု ဒေသခံအချို့က ပြောသည်။

“တမူးမှာ လျှပ်စစ်မီးကို အစိုးရခွဲတမ်းနည်းတော့ ပုဂ္ဂလိကမီးစက်ကနေ တစ်ယူနစ် ၄၀၀ ကျပ်နဲ့ သုံးနေရတယ်။ တစ်ရက်ကို သုံးနာရီ၊ သုံးနာရီခွဲလောက်တော့ပေးတယ်”ဟု တစ်မူးမြို့ခံ ကိုဇော်ဝေက ပြောသည်။

အိန္ဒိယနိုင်ငံမှတစ်ဆင့် တမူးမြို့သို့ ဓာတ်အားဖြန့်ဖြူးနိုင်ပါက တစ်ယူနစ်လျှင် အိန္ဒိယငွေ၃-ရူပီး သို့မဟုတ် ၄-ရူပီး ဖြစ်နိုင်ပြီး တစ်ယူနစ်လျှင် မြန်မာကျပ်ငွေ ဆယ့်ငါးကျပ်ဝန်းကျင် ကျသင့်နိုင်သည်ဟု တာဝန်ရှိသူ တို့က ခန့်မှန်းထားကြသည်။

Mizzima

0 comments:

Post a Comment