Wednesday, August 06, 2014

အီဘိုလာဗိုင်းရပ်စ် စစ်ဆေးရေးလုပ်ငန်းများ လေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စတင် ဆောင်ရွက်နေပြီ



ရန်ကုန်၊ သြဂုတ် ၅

အီဘိုလာဗိုင်းရပ်စ် စစ်ဆေးရေးလုပ်ငန်းများကို လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် စတင်လုပ်ဆောင်နေ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ဗဟိုကူးစက်ရောဂါဌာနမှ ဒေါက်တာကျော်ကံကောင်း က ”ဒါနဲ့ပတ်သက်ပြီး လေဆိပ်မှာ စမ်းလို့ရတဲ့ဟာက ဖျားလာသလား စမ်းသပ်တာပေါ့။ ဖျားတယ်ဆိုတာကို လည်း ကျွန်တော်တို့က ပြဒါးတိုင်နဲ့လိုက်တိုင်းနေတာ မဟုတ်ဘူး။Infrared (အင်ဖရာရက်ဒ်)နည်းနဲ့ စစ်ဆေးတဲ့ ကင်မရာတွေတပ်ဆင်ထားတယ်။ အဲဒီကင်မရာနဲ့လူတွေရဲ့ အပူချိန်ပေါ်မူတည်ပြီး လူမှာရှိရမယ့် ကိုယ်အပူချိန်ကို ကင်မရာက အရောင်တွေနဲ့ ပြနေတယ်။ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင် စသဖြင့်ပေါ့။ အနီရောင်ဆို တော်တော် ဆိုးနေပြီပေါ့”ဟု ပြောသည်။

ပြည်ပမှပြန်လာသူများတွင် ရောဂါအဖြစ်များသည့် နိုင်ငံမှ ပြန်လာသူများထဲမှ ဖျားလာသူများဆိုလျှင် ရောဂါ ရာဇဝင်မေးခြင်း၊ သံသယဖြစ်ပါက စောင့်ကြည့်စစ်ဆေးခြင်း များလုပ်ရကြောင်း ထိုကဲ့သို့ လုပ်ဆောင်မှုမျိုးကိုH1N1  တုပ်ကွေးဖြစ်ပွားစဉ် ၂ဝဝ၉ ခုနှစ်ကလည်းလုပ်ဆောင်ခဲ့ ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဒုတိယညွှန် ကြား ရေးမှူးလည်းဖြစ်သည့် ၄င်းက ပြောသည်။
အာဖရိကတိုက်အလယ်ပိုင်းတွင် အခြေခံဖြစ်တည် လာသည့် ထိုဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှတစ်ဆင့် လူသို့ ကူးစက်သောရောဂါပိုးဖြစ်ပြီး ရောဂါကူးစက်ခံရသူမှာ ၉ဝ ရာခိုင်နှုန်း အသက်ဆုံးရှုံးနိုင်သည်။ ဂီနီယာ၊ လိုက်ဘေး ရီးယားနှင့်ဆီရီယာလီယွန်နိုင်ငံတို့တွင် အဓိကဖြစ်ပွား နေပြီး နိုင်ဂျီးရီးယားနိုင်ငံတွင်လည်း စတင်ဖြစ် ပွားနေ   ကြောင်း သိရသည်။
လက်ရှိတွင် လူဦးရေ ၁၆ဝ၃ ဦး ကူးစက်ခံထားရပြီး သေဆုံးသူ ၉ဝဝ ခန့်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။

နယ်စပ်ဖြတ်ကျော်ဝင်လာနိုင်တဲ့ဂိတ်တွေမှာ လူနာကို တိုက်ရိုက်ထိတွေ့တဲ့နည်းနဲ့မဟုတ်ဘဲ အင်ဖရာရက်ဒ်နည်းနဲ့ပဲ စစ်ဆေးနိုင်တဲ့အဖွဲ့တွေကို တာဝန်ချထားပါတယ်။ အဲဒီလို ချထားရာမှာ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လည်းလုပ်ခိုင်းထားပါတယ်”ဟု ၄င်းက ပြော သည်။
လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီး က အဆိုပါ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင် လျက်ရှိသည်။ မြန်မာနိုင်ငံသည်လည်း လေဆိပ်နှင့် နယ် စပ်ဂိတ်များတွင် စစ် ဆေးနေသည့်အပြင် ကချင်ပြည်နယ်၊ ရ ခိုင်ပြည်နယ်တို့ကိုလည်း ဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတိပေးထားကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများကိုလည်း လွှတ်ရန် စီစဉ်နေကြောင်း ဒေါက်တာ ကျော်ကံကောင်းက ပြောသည်။
ထို့အပြင် ဆေးရုံ၊ ဆေးခန်းများကို လည်း တိုင်းကျန်းမာရေး ဦးစီးဌာနများ မှ တစ်ဆင့် ရောဂါ ကူးစက်မှုနှင့် ပတ် သက်ပြီး သတိပေးထားကြောင်း၊ လူနာ ကို သီးခြားထား ရှိရန် အဆောင်များ ကြို ပြင်ထားပြီးဖြစ်ကြောင်း ၄င်းကဆိုသည်။

လက်ရှိတွင် နိုင်ငံတကာမှ ဧည့် သည်များစွာ ဝင်ရောက်နေပြီဖြစ်ရာ စစ်ဆေးရေးကိစ္စများကို ကျန်းမာရေးဝန် ကြီးဌာနက ဆောင်ရွက်နေပြီး ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန အနေ ဖြင့်လည်း အီဘိုလာဗိုင်းရပ်စ်နှင့် ပတ် သက်၍ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုပါက အချိန်နှင့် တစ် ပြေးညီ အသိပေးသွားမည်ဟု ဟိုတယ်/ ခရီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ဆေးမှုများနှင့် ပတ်သက်၍ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ”စစ်ဆေးရေး ကိစ္စက ကျန်းမာရေးက လုပ်တာပါ။ ဝင်လာတဲ့သူကို သူတို့အရင်စစ်တယ်။ ပြီးမှ ကျွန်တော်တို့ လဝကကိုဖြတ်တာ”ဟု ပြောသည်။
အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရပါ က ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ရုတ် တရက် အားအင်ကုန်ခန်းခြင်း၊ ကိုယ် လက်ကိုက်ခဲခြင်း ဝေဒနာများ ခံစားရ မည်ဖြစ်ပြီး အခြေ အနေဆိုးပါက အသည်း၊ ကျောက်ကပ်များ ပျက်စီးကာ သွေးယိုခြင်းများ ဖြစ်လာနိုင်ကြောင်း၊ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရမှုသည် ယခုနှစ် မတ်လမှ စတင်ခဲ့ခြင်းဖြစ်   ကြောင်း သိရသည်။

မေဇင်ဝင်း၊ မြတ်ဆုငြိမ်း
Popular Myanmar

0 comments:

Post a Comment